၂၀၂၀ ဖေဖဝါရီလအတွင်း ၂၀၀၀၀ ဖိုးနှင့်အထက် ဝယ်ယူပြီး Deliecery Free အစီအစဉ်ကိုရယူလိုက်ပါ။

မိုးရာသီမှာ ကလေးတွေရောဂါဘယကင်းဝေးစေမည့် နည်းလမ်းများ

RSS
မိုးရာသီမှာ ကလေးတွေရောဂါဘယကင်းဝေးစေမည့် နည်းလမ်းများ
မိုးဦးကာလ မိုးစက်လေးတွေ ကျဆင်းလာတာနဲ့အမျှ အအေးဓာတ်ကလေးရလာတာကြောင့် နွေရာသီရဲ့ ပူလောင်မှုတွေကို ခဝါချနိုင်လာပေမယ့် မိုးနဲ့အတူပါလာတဲ့ စိုစွတ်မှုတွေ၊ ခြင်တွေယင်တွေနဲ့ လေထဲကပိုးမွားတွေကြောင့် ကလေးသူငယ်တွေမှာ ရောဂါဘယတွေ ဖြစ်လာပါတော့တယ်။ ဒီလိုဒုက္ခတွေက ကင်းဝေးရအောင် အောက်ပါနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ကြပါစို့။

၁။ ကလေးကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။

မိုးရာသီမှာ ကလေးလေးတွေကို သန့်သန့်ရှင်းရှင်းထားဖို့ကလည်း အရေးကြီးပါတယ်။ တစ်နေ့နှစ်ကြိမ် ရေချိုးပေးပါ။ အနည်းဆုံး ရေပတ်လေးတော့ တိုက်ပေးသင့်ပါတယ်။ ချိုင်းကြား၊ပေါင်ကြား၊ လည်ပင်းနဲ့ အင်္ဂါစပ်လေးတွေကို သေချာဆေးကြောပေးပါ။ ကလေးထိန်းသူတွေကိုယ်တိုင်လည်း သန့်သန့်ရှင်းရှင်းနေဖို့ အရေးကြီးပါတယ်။

၂။ ပေါ့ပေါ့ပါးပါးဝတ်ဆင်ပေးပါ။

ရုတ်တရက် အပူကနေအအေး ရာသီအကူးအပြောင်းမှာ သက်သောင့်သက်သာရှိမယ့် ကော်တွန်သားလေးတွေ ဝတ်ဆင်ပေးပြီး အေးလာတဲ့အခါ ဝတ်ဆင်ပေးနိုင်ဖို့ အနွေးထည်လေးတွေ ဆောင်ထားပေးနိုင်ပါတယ်။ မိုးဦးမှာ အဝတ်အစားတွေ စိုထိုင်းထိုင်းဖြစ်နေတတ်တဲ့အတွက် မှိုပိုးဝင်တတ်ပါတယ်။ ဒါကြောင့် အဝတ်အစားတွေခြောက်သွေ့နေဖို့ သတိပြုပေးပါ။

၃။ ခြင်မကိုက်ပါစေနဲ့။

မိုးရာသီရေစစဖြစ်လာတဲ့အခါ ခြင်ပေါက်ဖွားမှု များလာတာကြောင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အင်္ကျီလက်ရှည်၊ ဘောင်းဘီအရှည်ဝတ်ပေးတာ၊ ခြင်ဆေးခွေ၊ခြင်ပြေးဆေးတွေဖြန်းတာ၊ ရေဝပ်နိုင်တဲ့နေရာတွေ၊ရေသေတွေကိုရှင်းလင်းတာ စသည်ဖြင့် ကာကွယ်မှုတွေ လုပ်ဆောင်ရပါမယ်။ အိမ်မှာခြင်တွေပြေးစေဖို့ ကြမ်းပြင်တွေရေဝတ်တိုက်တဲ့အခါ စပါးလင်ဆီထည့်ပြီး တိုက်ပေးပါ။

၄။ ဖျားနာနေသူတွေနဲ့ဝေးဝေးမှာနေပါ။

မိုးဦးကာလမှာ ဗိုင်းရပ်စ်ပိုးမွားတွေဝင်လွယ်တာကြောင့် ကလေးကို တုပ်ကွေးမိနေသူတွေ၊ဖျားနာနေသူတွေနဲ့ ဝေးဝေးမှာထားပါ။ အိမ်သူအိမ်သားတွေကိုလည်း ကလေးကိုမကိုင်တွယ်ခင်မှာ လက်ကိုသေချာဆေးဖို့ သတိပေးပါ။

၅။ လူထူထပ်တဲ့နေရာတွေကိုရှောင်ပါ။

ဈေးဝယ်စင်တာတွေလိုမျိုး လူထူထပ်တဲ့နေရာတွေမှာ ပိုးမွားတွေပေါတာကြောင့် ကိုယ်ခံစွမ်းအားသိပ်မကောင်းသေးတဲ့ကလေးတွေမှာ ရောဂါတွေအလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင် ဒီလိုနေရာတွေကိုရှောင်ရှားပြီး သွားမယ်ဆိုရင်တော့ လူသိပ်မများတဲ့အချိန်တွေမှာ ရွေးသွားသင့်ပါတယ်။

၆။ ကလေးရော၊ ကလေးထိန်းတွေပါ လက်ကိုသေချာ ဆေးကြောပေးပါ။

လက်ဆေးကြော်ငြာတွေမှာ ပြောသလိုပဲ ရောဂါပိုးမွားတွေကို အကောင်းဆုံးကာကွယ်နိုင်ဖို့ လက်အမြဲဆေးပေးရပါမယ်။ အထူးသဖြင့် သေးခံလဲပြီးတိုင်းမှာ၊ အပြင်ကပြန်လာတိုင်းမှာ ဆပ်ပြာနဲ့သေချာလက်ကိုဆေးကြောပါ။ ကလေးအကြီးတွေကိုပါ လက်ဆေးဖို့သေချာမှာထားရပါမယ်။

၇။ ရေကိုကျိုချက်သောက်သုံးပါ။

မိုးရာသီမှာအဖြစ်များတဲ ဝမ်းလျောဝမ်းကိုက်ခြင်းတွေကို ကာကွယ်နိုင်ဖု့ိ သောက်သုံးဖို့ရော၊ နို့ဘူးဖျော်ဖို့အတွက်ပါ ကျိုချက်ပြီးအအေးခံထားတဲ့ရေကိုသာ သုံးစွဲသင့်ပါတယ်။

၈။ အသီးအရွက်တွေကိုသေချာဆေးကြောပါ။

အသီးအရွက်တွေကို မချက်မပြုတ်မဆေးမကြောပဲ အစိမ်းစားတာမျိုးမလုပ်စေပဲ ဆားတစ်ဇွန်းနဲ့ရေကိုသုံးကာ သေချာဆေးကြောပေးရပါမယ်။

၉။ ပထမဆုံးကျလာတဲ့မိုးရေနဲ့မထိတွေ့ပါစေနဲ့။

ကလေးတွေရဲ့အသားဟာ နူးညံ့တဲ့အတွက် ပထမဆုံးမိုးရေစက်တွေနဲ့အတူပါလာတဲ့ အက်ဆစ်ဓာတ်ကို မခံနိုင်ပါဘူး။ ဒါကြောင့် အိမ်ထဲမှာပဲ နေစေပါ။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေဟာ အင်မတန်လွယ်ကူပြီး ထိရောက်တဲ့အချက်တွေ ဖြစ်တာကြောင့် သေချာလိုက်နာဆောင်ရွက်ကြရင် ရောဂါဘယတွေကို ကာကွယ်နိုင်မှာပါ။ အားလုံးကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ မိုးရာသီကို ဖြတ်သန်းနိုင်ကြပါစေ။

Next Post

  • Kaung Chit Soe
Comments 0
Leave a comment
Your Name:*
Email Address:*
Message: *
* Required Fields